+95.9797284528 info@dcumyanmar.com

တည်ထောင်သူဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ

၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ အင်္ဂါနေ့၊ (၁၃၁၉ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်)၌ ခမည်တော် ဦးအောင်သန်း + မယ်တော် ဒေါ်စိန်ကြည်တို့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်တွင် ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္န အလောင်းအလျာကို မီးရှူးသန့်စင် ဖွားမြင်တော် မူခဲ့ပါသည်။

၁၉၇၅ ခုနှစ်၌ စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ (၁၀)တန်းကို အောင်မြင်ခဲ့သည်။

၁၉၇၉ ခုနှစ် မန္တလေးမြို့၊ စက်မှုလက်မှုသိပ္ပံ၏ မြို့ပြအင်ဂျင်နီယာဒီပလိုမာဘွဲ့ A.G.T.I (Civil) ကိုရရှိခဲ့ပါသည်။

၁၉၈၃ ခုနှစ် (၁၃၄၅ ခုနှစ်၊ တော်သလင်းလဆန်း (၅)ရက်၊ ညနေ (၅)နာရီ (၁၅)မိနစ် အချိန်၌ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဓမ္မဒူတ တောရဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် ခံယူခဲ့ပါသည်။

အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတ တောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိစာပေကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။

– ၁၉၈၅ ခုနှစ်၌ အခြေပြု မူလတန်းအောင်မြင်ခဲ့သည်။

– ၁၉၈၆ ခုနှစ်၌ ပထမငယ်တန်း အောင်မြင်ခဲ့သည်။

– ၁၉၈၇ ခုနှစ်၌ ပထမလတ်တန်း အောင်မြင်ခဲ့သည်။

– ၁၉၈၈ ခုနှစ်၌ ပထမကြီးတန်း အောင်မြင်ခဲ့သည်။

၁၉၉၃ ခုနှစ်၌ စာချသင်တန်းတွင် ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။

သဒ္ဓမ္မနေပုညဓမ္မာစရိယဘွဲ့နှင့် သာသန ဇော်တိပါလဓမ္မစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။

ပရိယတ္တိစာပေများကို တောင်စွန်းဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျာသိန်ပါဋ္ဌိတက္ကသိုလ်၊ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်၌ နည်းနာခံ၍ သင်ယူခဲ့ပါသည်။

၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။

၂၀၀၀ ခုနှစ်၌ လက်ထောက်ကထိက။

၂၀၀၂ ခုနှစ်၌ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့။

၂၀၀၃ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင် တော်မူခဲ့ပါသည်။

၂၀၀၄ ခုနှစ်၌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ရရှိတော် မူခဲ့ပြန်ပါသည်။

၂၀၀၅ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (BDh) ဘွဲ့ကို ရရှိခဲ့ပြီး ဤတက္ကသိုလ်၌ပင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်တော် မူခဲ့ပါသည်။

၂၀၀၆ ခုနှစ်၌ မဟာဂန္တဝါစကပဏ္ဍိတဘွဲ့ကို ရရှိတော်မူခဲ့ပြန်ပါသည်။

၂၀၀၆-၂၀၀၇ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ Ph.D (BDh)ဘွဲ့ကို ရရှိတော်မူသည်။

ဤတက္ကသိုလ်၌ပင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်တော် မူခဲ့ပါသည်။

၂၀၁၃ ခုနစ်၌ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။

၂၀၁၅ ခုနှစ်၌ မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။

၂၀၁၈ ခုနှစ်၌ အဂ္ဂမဟာဂန္တဝါစကမဏ္ဍိတ ဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။

အရှင်မြတ်သည် ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ဝင်၊ ဓမ္မဒူတဇေတဝန်တော်ရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီးနှင့် ပြည်တွင်း၊ ပြည်ပ ဓမ္မဒူတကျောင်းတို့၏ ပဓာနနာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ပဋိပတ္တိမဟာဌာန မဟာဌာနမှူး ပါမောက္ခဆရာတော် စသော တာဝန်တို့နှင့် ကျမ်းရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ဘာသာရေး၊ သာသနာရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။

အထူးသဖြင့် ပြည်တွင်း၊ ပြည်ပတို့၌ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရင်သွေးငယ် လူငယ်လူရွယ်တို့ကို တရားဟော၊ တရားပြခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခြင်း၊ လူငယ်တို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသော အသိပညာတို့ကို ဗုဒ္ဓတရားတော်နှင့်အညီ ဆွေးနွေးဖြေဆိုခြင်းများ ဆောင်ရွက်ပေးပါသည်။