စာရေး၊ စာချ၊ တရားဟော၊ တရားပြ- ဓမ္မဒူတ
တက္ကသိုလ်အကြောင်း
ဤတက္ကသိုလ်ကို ကျေးဇူးတော်ရှင် ဓမ္မဒူတ ပါမောက္ခ ဒေါက်တာအရှင်ဆေကိန္ဒ ဆရာတော်က မြန်မာသက္ကရာဇ် (၁၃၇၉)ခုနှစ်၊ ခရစ်နှစ်(၂၀၁၇)ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ရွှေကျင်နိကာယ အဓိပတိဥက္ကဌ မဟာနာယက စုဒ္ဒသမရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော် ဘုရားကြီးနှင့် ရွှေကျင်နိကာယ အဓိပတိဥက္ကဌ မဟာနာယက ပန္နသမရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီးတို့၏ ချီးမြှောက်စီမံ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကို သုံးနှစ်တစ်ကြိမ်ဖြင့် သုံးကြိမ်တိုင်တိုင် ဆက်တိုက် ပူဇော်ကျင်းပပြုလုပ် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး စည်ပင်ထွန်းကားရေးအတွက် ဤဓမ္မဒူတဆေကိန္ဒတက္ကသိုလ်ကြီးကို တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။
အသိအမှတ်ပြုမှု
ဤတက္ကသိုလ်သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ရွှေကျင်နိကာယ အဖွဲ့တို့၏ အသိအမှတ်ပြု တက္ကသိုလ် ဖြစ်ကာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ တက္ကသိုလ်၊ အကယ်ဒမီနှင့် ကောလိပ်များ အဖွဲ့၏ အဖွဲ့ဝင် တက္ကသိုလ်လည်း ဖြစ်ပါသည်။
အဓိပတိ၏အမှာစကား
သာသနာတော် နှစ်ပေါင်း ၂၆၀၀ ခရီးမှာ စာသင်ခြင်း၊ စာရေးခြင်း၊ စာချခြင်း၊ တရားကျင့်ခြင်း၊ တရားပေးခြင်း၊ တရားပြခြင်း တို့သည်သာ သံဃာတော်တို့ရဲ့ အဓိက အလုပ်ဖြစ်ပါတယ်။ တရားတော်များကို ထိန်းသိမ်းဖို့၊ ဖြန့်ဝေဖို့၊ ကျင့်သုံးဖို့ဆိုတာ မိမိအတွက်ဖြစ်သလို အများအတွက်လည်း ဖြစ်ပါတယ်။ ဤတက္ကသိုလ်က တရားကျင့်မည့်သူ၊ သင်ယူလိုသူ၊ ဖြန့်ဝေလိုသူ အားလုံးအတွက် ကူညီပေးလျက် ရှိပါတယ်။
ရည်မှန်းချက်
ထေရဝါဒ ဗုဒ္ဓတရားတော်များကို သင်ယူခြင်း၊ လိုက်နာကျင့်သုံးခြင်းဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ငြိမ်းချမ်းရေးမှသည် ကမ္ဘာ့လူသားတို့၏ ငြိမ်းချမ်းရေးအထိ တည်ဆောက်သွားနိုင်မည်ဟု လေးနက်စွာ ယုံကြည်မှုရှိသည့် အားလျော်စွာ ဓမ္မဒူတသာသနာပြု ပုဂ္ဂိုလ်များကို ပြုစုပျိုးထောင်ပေး၍ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးကို ဦးစားပေးဆောင်ရွက်ရန်။
မျှော်မှန်းချက်
- ထေရဝါဒဗုဒ္ဓတရားတော်များကို ခေတ်မီသင်ကြားရေး စနစ်များဖြင့် သင်ကြားပေးရန်၊
- သင်ယူမှု (ပရိယတ္တိ)နှင့် အားထုတ်မှု (ပဋိပတ္တိ)ကို ပူးတွဲလေ့ကျင့် သင်ကြားပေးရန်၊
- ဗုဒ္ဓဘာသာဆိုင်ရာ အဆင့်မြင့်စာပေများ သင်ယူပြီး လောကအကျိုး၊ ဓမ္မအကျိုး ဆောင်နိုင်သော သာသနာပြု ပုဂ္ဂိုလ်များကို လေ့ကျင့် သင်ကြားပေးရန်၊